ကင်ဆာဆိုတာ ဘယ်လိုရောဂါမျိုးလဲ၊ ဘယ်လိုဖြစ်ပွားသလဲ
ကင်ဆာဆိုတာ လူတိုင်းနဲ့ မစိမ်းတော့တဲ့ ကြားဖူးနေကျ စကားလုံးတစ်ခုပါ။ ချစ်ခင်ရတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်း၊ မိတ်ဆွေတွေကို ကင်ဆာရောဂါဆိုးကြီးက ဆွဲခေါ်သွားလို့ ဝမ်းနည်းပက်လက်လည်း ဖြစ်ဖူးကြမယ် ထင်ပါတယ်။ အဲဒီကင်ဆာဆိုတဲ့ ရောဂါကြီးက ဘယ်လိုဖြစ်တယ်၊ ဘာကြောင့် ဖြစ်တယ်ဆိုတာကိုတော့ သေသေချာချာ သိတဲ့သူ ရှားမယ်ထင်လို့ အခုပြောပြချင်ပါတယ်။
ကင်ဆာဟာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေဟာ ကြီးထွားလာပြီး ဆဲလ်အသစ်တွေဖြစ်ဖို့ လိုအပ်သလောက် ပွားများရပါတယ်။ ဆဲလ်တွေ အိုမင်းလာတဲ့အခါ သို့မဟုတ် ပျက်စီးသွားတဲ့အခါ သေဆုံးသွားပြီး ဆဲလ်အသစ်တွေနဲ့ အစားထိုးလေ့ရှိပါတယ်။
အဲဒီ ပုံမှန်လုပ်ငန်းစဥ် ပျက်စီးသွားပြီး ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ အဆမတန် ပွားများလာတဲ့အခါ ခန္ဓာကိုယ်မှာ အလုံးအကျိတ်တွေ ဖြစ်လာပါတယ်။ ပုံမှန်မဟုတ်တဲ့ အကျိတ်တွေဟာ ကင်ဆာအကျိတ်လည်း ဖြစ်နိုင်သလို ကင်ဆာမဟုတ်တဲ့ ရိုးရိုးအကျိတ်လည်း ဖြစ်နိုင်ပါတယ်။
ကင်ဆာအကျိတ်ဆိုရင် ကင်ဆာဆဲလ်တွေဟာ အနီးအနားက တစ်ရှူးတွေရော၊ သွေးကြောတွေ၊ ပြန်ရည်ဂလင်းတွေက တဆင့် အဝေးက တစ်ရှူးတွေထိပါ ပျံ့နှံ့သွားတတ်ပြီး ကင်ဆာအကျိတ်အသစ်တွေ ဖြစ်စေပါတယ်။ ခွဲစိတ်ဖယ်ရှားပြီးရင်လည်း ပြန်ဖြစ်နိုင်ခြေ ရှိပါတယ်။ ကင်ဆာအများစုက မာမာခဲခဲ အကျိတ်တွေပေမယ့် သွေးကင်ဆာတွေကတော့ အကျိတ်အနေနဲ့ တွေ့ရလေ့ မရှိပါဘူး။
ကင်ဆာမဟုတ်တဲ့ ရိုးရိုးအကျိတ်တွေက အနီးအနားနဲ့ တခြားနေရာတွေကို ပျံ့သွားလေ့ မရှိသလို ဖယ်ရှားပြီးရင်လည်း (ဦးနှောက်အကျိတ်က လွဲလို့) ပြန်ဖြစ်လေ့ မရှိပါဘူး ။ ဦးနှောက်မှာဖြစ်တဲ့ ရိုးရိုးအကျိတ်တွေကတော့ ပြန်ဖြစ်တတ်ပါတယ်။
ပုံမှန်ဆဲလ်နဲ့ ကင်ဆာဆဲလ်က ဘာကွာသလဲ?
- ပုံမှန်ဆဲလ်တွေဟာ ကြီးထွားဖို့ အချက်ပြမှသာ ကြီးထွားရသလို ပွားများတာရပ်ဖို့၊ သေဆုံးဖို့ အချက်ပြရင်လည်း လိုက်နာရပြီး အဲဒါကို apiptosis လို့ ခေါ်ပါတယ်။ ကင်ဆာဆဲလ်တွေကတော့ အချက်ပြစနစ်ကို မလိုက်နာဘဲ ပွားများချင်သလို ပွားများပါတယ်။
- ပုံမှန်ဆဲလ်တွေက အနီးအနားရော၊ အဝေးကရောမှာရှိတဲ့ တစ်ရှူးတွေဆီ မကျူးကျော်ပေမယ့် ကင်ဆာဆဲလ်တွေကတော့ ကျူးကျော်လေ့ ရှိပါတယ်။ ဒါ့အပြင် သွေးကြောတွေကို ကင်ဆာအကျိတ်ဆီ ရောက်လာစေပြီး သွေးကြောထဲက အောက်ဆီဂျင်နဲ့ အာဟာရတွေကို ယူဆောင်ကာ အကျိတ်ကို ကြီးထွားသထက် ကြီးထွားအောင် လုပ်လေ့ရှိပါတယ်။ ဒါကြောင့် target therapy လို့ခေါ်တဲ့ ကင်ဆာကုသမှုတွေမှာ သွေးကြောတွေကို ကင်ဆာအကျိတ်ဆီ မသွားအောင် တားဆီးခြင်းဖြင့် အာဟာရပြတ်ပြီး ကြီးထွားနိုင်စွမ်း မရှိအောင် လုပ်ကြတာပါ။
- ပုံမှန်အားဖြင့် ပျက်စီးသွားတဲ့ဆဲလ်တွေ၊ မူမမှန်တဲ့ဆဲလ်တွေကို ကိုယ်ခံအားစနစ်က ဖျက်ဆီးပစ်လေ့ ရှိပါတယ်။ ဒါပေမယ့် ကင်ဆာဆဲလ်တွေဟာ ကိုယ်ခံအားစနစ်ကို လှည့်စားထားတဲ့အတွက် တိုက်ခိုက်ဖျက်ဆီးခံရမယ့်အစား ကိုယ်ခံအားစနစ်က ကာကွယ်ပေးတာ ခံရတဲ့အတွက် ပိုပြီး ကြီးထွားလာပါတယ်။
ကင်ဆာ ဘာကြောင့် ဖြစ်တာလဲ?
ကင်ဆာက မျိုးရိုးဗီဇ (Gene) ကြောင့် ဖြစ်တာပါ။ Chromosone လို့ခေါ်တဲ့ DNA ထဲမှာ မျိုးရိုးဗီဇ ရှိပါတယ်။ မျိုးရိုးဗီဇက ဆဲလ်တွေ ဘယ်လိုကြီးထွားရမယ်၊ ဘယ်လိုပွားများ ရမယ်၊ ဘယ်လိုသေဆုံးရမယ်ဆိုတာကို ထိန်းချုပ်ပါတယ်။
ဆေးလိပ်သောက်တာ၊ နေရောင်ခြည်ထဲက UV rays တွေနဲ့ ထိတွေ့တာ၊ တချို့သော ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာမျိုးတွေကြောင့် DNA က ပျက်စီးသွားတဲ့အခါ ကင်ဆာဖြစ်လာနိုင်ပါတယ်။
မျိုးရိုးဗီဇပါတဲ့ DNA တွေကို မိဘကနေ သားသမီးကို လက်ဆင့်ကမ်း သယ်ဆောင်ပါတယ်။ ကင်ဆာဖြစ်နိုင်တဲ့ DNA တွေကို ကျန်းမာနေတဲ့ ခန္ဓာကိုယ်က ချေဖျက်ပစ်နိုင်ပေမယ့် အသက်ကြီးလာတဲ့အခါ ချေဖျက်နိုင်စွမ်း လျော့လာတဲ့အတွက် အသက်ကြီးတဲ့ သူတွေမှာ ကင်ဆာဖြစ်နိုင်ခြေ ပိုများလာတာပါ။
ခေါင်းအစခြေအဆုံး ကင်ဆာအမျိုးပေါင်းများစွာ ရှိပါတယ်။ စဖြစ်တဲ့နေရာက ကင်ဆာကို Primary Cancer လို့ခေါ်ပြီး တခြားနေရာကို ပျံ့နှံ့သွားရင် Metastasis လို့ ခေါ်ပါတယ်။ ဥပမာ ရင်သားကင်ဆာဟာ ဦးနှောက်၊ အသည်း၊ အဆုတ်နဲ့ အရိုးတွေဆီ Metastasis အနေနဲ့ ပျံ့သွားတတ်ပါတယ်။ Metastasis ဖြစ်သွားရင် ကုသရပိုခက်လေ့ရှိပြီး ပျောက်ကင်းဖို့ထက် ပိုပြီးပွားမလာအောင်၊ ထပ်ပျံ့မသွားအောင်သာ ဦးတည်ကုရလေ့ ရှိပါတယ်။
ဒီလောက်ဆိုရင် ကင်ဆာ ဘယ်လိုဖြစ်တယ်၊ ဘာကြောင့်ဖြစ်တယ်ဆိုတာကို သိလောက်ပြီ ထင်ပါတယ်။ နောက်လည်း ကင်ဆာနဲ့ ပတ်သတ်တာတွေ အလျှင်းသင့်သလို ပြောပြပေးသွားမှာမို့ စောင့်မျှော်ဖတ်ရှူကြပါဦးနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်